ကျိုက်ထိုနှင့် ရွှေကျင်မြို့နယ်အတွင်းရှိ KNU၊ KNLA နှင့် PDF ပူးပေါင်းအဖွဲ့များ၏ အခြေပြုစခန်းများကို တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်ရှင်းလင်း

မွန်ပြည်နယ်နှင့် ပဲခူးတိုင်း နယ်စပ်ဖြစ်သည့် ကျိုက်ထိုနှင့် ရွှေကျင်မြို့နယ်အတွင်းရှိ KNU၊ KNLA နှင့် PDF ပူးပေါင်းအဖွဲ့များ၏ အခြေပြုစခန်းများအား တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း သိရသည်။

KNU၊ KNLA နှင့် PDF များအနေဖြင့် မွန်ပြည်နယ်၊ သိမ်ဇရပ်-ကျိုက်ထိုဒေသနှင့် ပဲခူးတိုင်းဒေသကြီး နယ်မြေအစပ်တို့ရှိ သွားလာရေးခက်ခဲသော တောတောင်များအတွင်း အခြေပြုနေထိုင်၍ လက်လုပ်စိန်ပြောင်းများ၊ လက်လုပ်သေနတ်များ၊ ခဲယမ်းများနှင့် ဖောက်ခွဲရေးသုံးပစ္စည်းများကိုပြုလုပ်ပြီး ကျေးရွာများအတွင်းနှင့် အနီးဝန်းကျင်တို့တွင် ယာယီအခြေပြုစခန်းများ တည်ဆောက်နေထိုင်လျက်ရှိကြကြောင်း၊ ၎င်းအဖွဲ့များအ​နေဖြင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက်၊ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်အတွင်း NUG ၏ အထူးတိုင်းစစ်ဌာနချုပ်ဖွင့်လှစ်၍ ကွပ်ကဲလျက်ရှိကြောင်း သတင်းအရ တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation) ဖြင့် တိုက်ခိုက်ချေမှုန်းရန် သိမ်ဇရပ်မြို့၌ လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် နိုဝင်ဘာ ၃ ရက်မှစ၍ စစ်ကြောင်းများခွဲကာ နယ်မြေလုံခြုံရေးလုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၅ ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက် ကော်ကတ်ကျေးရွာအနီး ၎င်းအဖွဲ့များယာယီအခြေပြုနေထိုင်လျက်ရှိသည့် စခန်းတစ်ခုအားလည်းကောင်း၊ နိုဝင်ဘာ ၆ ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက်ကော်ထီးထကျေးရွာအနီးရှိ ယာယီအခြေပြုနေထိုင်လျက်ရှိသည့် စခန်းတစ်ခုအားလည်းကောင်း၊ နိုဝင်ဘာ ၇ ရက်တွင် သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက် ကော်ထီးထကျေးရွာအနီး KNU၊ KNLA တပ်မဟာ(၁)၊ ရင်း(၃) ဌာနချုပ်အပါအဝင် ယာယီအခြေပြုနေထိုင်လျက်ရှိသည့် စခန်း လေးခုတို့အား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၈ ရက်တွင် မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက်၊ ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် အတွင်းရှိ ပွိုင့် ၄၈၀ တောင်ကုန်းအနီး ထီးကလာချောင်းဝန်းကျင်တစ်ဝိုက်၌ NUG အဖွဲ့၏ အထူးတိုင်းစစ်ဌာနချုပ် အပါအဝင်စခန်း ငါးခုအား ထပ်မံ၍ အသီးသီး တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့တိုက်ခိုက်ရှင်းလင်း သိမ်းပိုက်နိုင်ရေးဆောင်ရွက်ခဲ့ရာ ထိတွေ့တိုက်ပွဲ လေးကြိမ် ဖြစ်ပွားခဲ့ပြီး NUG၊ CRPH အဖွဲ့၏ အထူးတိုင်းစစ်ဌာနချုပ်အပါအဝင် KNU၊ KNLA အဖွဲ့များ၏ စခန်းနေရာ ၁၁ နေရာတို့အား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ လက်နက်မျိုးစုံ ၉၇ လက်၊ ကျည်မျိုးစုံ ၁၂၂၈၅ တောင့်၊ Drop Bomb ၃၆၂ လုံး၊ မိုင်းမျိုးစုံ ၁၃၉ လုံး၊ (4×4) ကား နှစ်စီး၊ ဒရုန်းများ၊ လက်ပစ်ဗုံးများ၊ ဗုံးသီးများ၊ ဒီတိုနေတာများ၊ ဆက်သွယ်ရေးစက်များ၊ ပစ်ကျင်းများ၊ ဘန်ကာများ၊ လူနေတဲများ၊ ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ ရိက္ခာပစ္စည်းများ၊ ကွန်ပျူတာအပါအဝင် ရုံးလုပ်ငန်းသုံးပစ္စည်းများ၊ သောင်းကျန်းသူများ၏ ပြောက်ကျား ဝတ်စုံများ၊ ကျည်ကာအင်္ကျီ၊ ဦးထုပ်များ၊ ဆေးဝါးများနှင့် ဆေးပစ္စည်းများ၊ အခြားအသုံးဆောင်ပစ္စည်း အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေး (Counter-Terrorism Operation) ကို ဆောင်ရွက်လျက်ရှိသဖြင့် အဆိုပါ သိမ်ဇရပ်-ကျိုက်ထို ဒေသများအတွင်း လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *