ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပြုလုပ်သည့် အာရှသတင်းစာများကွန်ရက် (ANN) Board Meeting သို့ Eleven Media Group မှ CEO ကိုမင်းသော်ထွဋ် တက်ရောက်ခဲ့ပြီး လာမည့်နှစ်တွင် ANN ညီလာခံကို မြန်မာနိုင်ငံတွင်ပြုလုပ်ရန် ဆွေးနွေးခဲ့

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်သည့် အာရှသတင်းစာများကွန်ရက် (ANN) Board Meeting သို့ Eleven Media Group မှ CEO ကိုမင်းသော်ထွဋ် တက်ရောက်ခဲ့ကာ လာမည့်နှစ်တွင် ANN ညီလာခံကို မြန်မာနိုင်ငံတွင် ပြုလုပ်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အာရှသတင်းစာများကွန်ရက် (ANN) ၏ ဘုတ်အဖွဲ့အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ရှန်ဂရီလာဟိုတယ်တွင် နိုဝင်ဘာ ၆ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးသို့ Eleven Media Group မှ CEO ကိုမင်းသော်ထွဋ် တက်ရောက်ခဲ့ကာ လာမည့်နှစ်တွင် ANN ညီလာခံကို မြန်မာနိုင်ငံတွင် ပြုလုပ်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

“ဆွေးနွေးပွဲအတွင်း အာဆီယံဒေသတွင်းက မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံပြီး နိုင်ငံအကြောင်း ပိုမိုလေ့လာလိုတဲ့ စိတ်ဝင်စားမှု အားကောင်းနေတာကို တွေ့ခဲ့ရပါတယ်။ANN အဖွဲ့ဝင်သတင်းဌာနတွေက CEO တွေနဲ့ အယ်ဒီတာချုပ်တွေထဲမှာ မြန်မာနိုင်ငံကို လာရောက်လေ့လာလိုကြောင်း ပြောဆိုသူတွေရှိပြီး၊ ထိုင်း၊ စင်ကာပူ၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ပုဂ္ဂိုလ်တွေဆီကလည်း စိတ်ဝင်စားမှုကို ကြားသိခဲ့ရပါတယ်။ လာမယ့်နှစ်မှာ ANN အစည်းအဝေးကို မြန်မာနိုင်ငံမှာ ကျင်းပနိုင်မယ်ဆိုရင် ဒီလိုအပြန်အလှန်နားလည်မှုနဲ့ ဆက်ဆံရေးတွေ တိုးမြှင့်ဖို့ အခွင့်အရေးကောင်းတစ်ခု ဖြစ်လာမှာပါ” ဟု ကိုမင်းသော်ထွဋ်က ပြောကြားသည်။

ယခင်နှစ်က ပြုလုပ်ခဲ့သည့် အာရှသတင်းကွန်ရက် (ANN) ဘုတ်အဖွဲ့ဆွေးနွေးပွဲနှင့် 2025 HIT Forum ကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင်ပြုလုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် အာရှသတင်းကွန်ရက် (ANN) ဘုတ်အဖွဲ့ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ပြုလုပ်ခဲ့သည်။

ANN ကို ၁၉၉၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး စတင်ဖွဲ့စည်းစဉ်က အဖွဲ့ဝင် ခုနစ်ဦး၊ နိုင်ငံ ခုနစ်နိုင်ငံသာ ရှိခဲ့ရာမှ လက်ရှိတွင် အဖွဲ့ဝင် ၂၃ ဦး၊ နိုင်ငံ ၂၁ နိုင်ငံအထိ ရှိလာခဲ့ပြီဖြစ်ကာ Eleven Media Group က ၂၀၁၃ ခုနှစ်တွင် ANN အဖွဲ့သို့ ဝင်ရောက်ခဲ့သည်။

၁၉၉၉ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ANN တွင်အဖွဲ့ဝင်များသည် အရှေ့တောင်အာရှနိုင်ငံများမှသာမက အာရှအခြားဒေသများရှိနိုင်ငံများမှ သတင်းဌာနများလည်း ပါဝင်​ကြသည်။

အာရှသတင်းကွန်ရက် (ANN) အဖွဲ့ဝင်များမှာ The Daily Star(ဘင်္ဂလားဒေ့ရှ်)၊ Kuensel (ဘူတန်)၊ Brunei Press (ဘရူနိုင်း)၊ The Phnom Phen Post နှင့် Ramsei Kampuchea (ကမ္ဘောဒီးယား)၊ China Daily (တရုတ်)၊ The China Post (ထိုင်ဝမ်)၊ DataLeads နှင့် The Statesman (အိန္ဒိယ)၊ The Jakata Post (အင်ဒိုနီးရှား)၊ The Japan News (ဂျပန်)၊ Vientiane Times (လာအို)၊ Sin Chew Daily နှင့် The Star Online (မလေးရှား)၊ Gogo Mongolia (မွန်ဂိုလီးယား)၊ Eleven Media Group (မြန်မာ)၊ The Kathmandu Post (နီပေါ)၊ Dawn(ပါကစ္စတန်)၊ Philippine Daily Inquirer(ဖိလစ်ပိုင်)၊ The Strais Times (စင်ကာပူ)၊ The Korea Herald (ကိုရီးယား)၊ The Island (သီရိလင်္ကာ)၊ The Nation (ထိုင်း)၊ Vietnam News (ဗီယက်နမ်)တို့ဖြစ်ပြီး ANN ၏ ဘုတ်အဖွဲ့ Meeting ကို နှစ်စဉ်နိုင်ငံအလိုက်အလှည့်ကျ ကျင်းပလျက်ရှိကြောင်း သိရသည်။ ကိုဗစ်ပြီးနောက် ANN ဘုတ်အဖွဲ့ တွေ့ဆုံပွဲများကို ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ ဘေဂျင်း၊ ANN ၏ ၂၅ နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တို့တွင် ကျင်းပခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *